ပျော်ရွှင်မှုနဲ့ ကျန်းမာရေး
ပြီးပြည့်စုံတဲ့ လူနေမှုဘဝမှာ ပျော်ရွှင်မှုဆိုတာ မရှိမဖြစ် အရေးပါတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လူအများသိထားကြပေမဲ့ မေ့နေတတ်ကြတာကတော့ ပျော်ရွှင်မှုဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေတယ်ဆိုတာပါပဲ။ ဒီအကျိုးကျေးဇူးတွေထဲမှာ -
၁။ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အအေးမိဖျားနာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။
၂။ ပျော်ရွှင်နေတဲ့အခါ ကိုယ့်ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်လာပြီး ကျန်းမာရေးအတွက် ပိုကောင်းတဲ့ စားသောက်နေထိုင်မှုပုံစံမှာ ပိုနေထိုင်တတ်လာတယ်။
၃။ စိတ်ဖိစီးမှုကို လျှော့ချပေးသလို ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဟော်မုန်း ထုတ်လုပ်နှုန်းကို လျှော့ချပေးပါတယ်။
၄။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေပြီး မနက်အိပ်ရာနိုးထတဲ့အခါ အိပ်ချိန်ပြည့်ဝလို့ လူကို လန်းဆန်းတက်ကြွနေစေပါတယ်။
၅။ တစ်နေ့တာလုံး အားအင်ပြည့်ဝနေပြီး လုပ်ငန်းဆောင်တာတွေကို အားအင်အပြည့်နဲ့ လုပ်ဆောင်နိုင်စေတယ်။
၆။ နှလုံးကျန်းမာရေးအတွက်လည်း အကျိုးရှိသလို သွေးတိုးကို ကျစေတယ်။
၇။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ခံအားဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကင်ဆာရောဂါအချို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၈။ လူ့သက်တမ်းပိုရှည်စေပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
၉။ ကြွက်သား၊ အရိုးအဆစ်နဲ့ တခြားသော နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး ကိုယ်တွင်းမှာ ဖြစ်နေတဲ့ နီရဲရောင်ရမ်းမှုကိုလည်း လျော့နည်းစေပါတယ်။
၁၀။ ကျန်းမာရေးပြဿနာ၊ ထိခိုက်ဒဏ်ရာများနဲ့ နေမကောင်းမှုတွေကနေ လျင်မြန်စွာ သက်သာစေပြီး အနာကျက်လည်း မြန်စေပါတယ်။
၁၁။ ဦးနှောက်အာရုံကြောစနစ်ကို အားကောင်းစေပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်း၊ အာရုံခံနိုင်မှုတွေကို ပိုမိုအားကောင်းလာစေပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ တတ်နိုင်သလောက် ပျော်ရွှင်မှုတွေကို ရှာဖွေဖို့နဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ အရမ်းအရေးကြီးပါတယ်။ ပျော်ရွှင်ခြင်းဟာ ကိုယ့်အတွက်တင်မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့ မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေနဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးရဲ့ တစ်နေ့တာကိုလည်း ဝေမျှပေးရာရောက်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ပိုပြီး ပျော်ရွှင်ရစေဖို့အတွက် -
၁။ ဘဝမှာ အတိတ်ကို ခွင့်လွှတ်ရင်း လက်ရှိမှာ အကောင်းဆုံးနေထိုင်လို့ အနာဂတ်ကို အကောင်းဆုံးတွေ မျှော်လင့်ရင်း အသက်ရှင်နေထိုင်ပါ။
၂။ ကိုယ့်ဘဝမှာ ဖြစ်လာသမျှ ကောင်းသောအရာတွေတိုင်းကို သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အမြဲမှတ်ထားပါ၊ ဒီအရာတွေကို တန်ဖိုးထားပါ။
၃။ ဘဝဟာ အမြဲတမ်း ကိုယ်မှန်းထားတဲ့အနေအထားလို ဖြစ်နေမှာမဟုတ်တဲ့အတွက် အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်မယ့်အစား အမှားတွေကနေ ပြန်သင်ယူရင်း ပိုကောင်းတဲ့လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
၄။ မုန်တိုင်းပြီးရင် လေပြေလာစမြဲမို့ ကိုယ့်အတွက် အခက်အခဲတွေကြုံလာပြီးတိုင်း အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ တွေးပါ၊ မနက်ဖြန်တိုင်းအတွက် မျှော်လင့်ချက်တွေထားပါ။
၅။ ကိုယ့်ကိုယ်ကို တော်ကြောင်း၊ အကောင်းဆုံး ကြိုးစားခဲ့ကြောင်း၊ လက်ရှိပိုင်ဆိုင်နေတဲ့အရာတွေနဲ့ ထိုက်တန်ကြောင်း အမြဲပြောဆိုချီးကျူးပါ။
၆။ ကိုယ့်ဘေးက အေးအတူ၊ ပူအမျှ အတူမျှဝေဖြတ်သန်းနေတဲ့ မိသားစု၊ မိတ်ဆွေ၊ ချစ်ရသူတွေကို တန်ဖိုးထားပါ၊ တလေးတစား ဆက်ဆံပါ။
၇။ တစ်နေ့တာကို အပြုံးနဲ့ နိုးထပြီး အကောင်းဆုံးကြိုးစားဖို့ စိတ်ထဲမှာ ပြင်ဆင်ပါ။
၈။ ကိုယ့်ဘဝကို တခြားသူတွေရဲ့ ဘဝနဲ့ နှိုင်းယှဉ်တာမျိုး၊ စံချိန်လိုက်တိုင်းတာမျိုးတွေကို တတ်နိုင်သလောက် ရှောင်ပါ။
၉။ ကိုယ့်အနားမှာ ကိုယ့်လိုပဲ အကောင်းမြင်စိတ်မွေးသူတွေကိုပဲ ထားထားပါ။
၁၀။ မကောင်းတဲ့အတွေးတွေ ဝင်လာတဲ့အခါ ဒီအတွေးတွေကို အပြုသဘောဆောင် သုံးသပ်မှုတွေ ပြုလုပ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ခုကို ရှာလို့ ဖြေရှင်းပါ၊ မဖြေရှင်းနိုင်တဲ့အရာတွေဆိုရင် မေ့လိုက်ပါ။
၁၁။ ကောင်းတဲ့မှတ်ဉာဏ်တွေကို သိမ်းဆည်းထားပါ၊ မကောင်းတဲ့အရာတွေကို သယ်ပိုးမထားဘဲ လွှတ်ချသင့်တာတွေ အကုန်လွှတ်ချလိုက်ပါ။
၁၂။ ကိုယ့်ဘဝ၊ ကိုယ့်အမူအကျင့်၊ ပုံစံတွေနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုရော၊ ဘေးပတ်ဝန်းကျင်ကလူတွေပါ ထိခိုက်စေတဲ့အခါမျိုးမှာ ပြောင်းလဲသင့်ရင် ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။
၁၃။ ယောဂကျင့်တာ၊ တရားထိုင်တာမျိုး များများလုပ်ပေးပါ။
၁၄။ တစ်နေ့တာမှာ လေ့ကျင့်ခန်းကို အနည်းဆုံး နာရီဝက်လောက် လုပ်ပေးတာဖြစ်စေ၊ ကိုယ်ဝါသနာပါတဲ့ အားကစားတစ်မျိုးမျိုးကို ပုံမှန်လိုက်စားတာဖြစ်စေ လုပ်ပေးပါ။
၁၅။ အစားအသောက်နဲ့ ပတ်သက်လာရင် ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။
၁၆။ Social media တွေကို လျှော့သုံးပေးပါ။
ရဲမျိုးမြတ်